ဘာဝနာ ဘာလဲ ဘယ်လဲ
13:08 | Author: အရှင်ဒေ၀ိန္ဒာဘိဝံသ

အိန္ဒိယနိုင်ငံ, နယူးဒေလီမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ တီဟာအကျဉ်းထောင်သည် လူမဆန် အကြင်နာကင်းမဲ့သည့်အရာမှာ ထိပ်တန်းကပြေးလျက်ရှိ၏။ ပြဿနာပေါင်းကလည်း သောင်းခြောက် ထောင်။ ထို့ကြောင့် နာမည်ကျော်ကြားလှ၏။ ``လောကငရဲ´´ဟူသတတ်။

ထိုကဲ့သို့သောအကျဉ်းထောင်အတွင်းရှိ အကျဉ်းသားတစ်ယောက်က ပြောလိုက်သည့် စကား တစ်ခွန်းမှာ ကိုယ့်နားကိုပင် မယုံကြည်စရာ ဖြစ်လောက်ပါပေ၏။

``ကျွန်တော် အကျဉ်းထောင်ထဲမှာ ဘာဝနာရှုမှတ်နေပါတယ်´´တဲ့။

လောကကြီးသည် အံ့သြစရာကောင်းလှ၏။ တခါတရံ ``လုံးဝ မဖြစ်နိုင်´´ ဟုထင်သည့်အရာ များက ကိုယ့်ရှေ့မှာပင် ထင်ထင်ရှားရှားဖြစ်နေ၏။ ၁၉၉၃-ခုနှစ်၌ ဆရာကြီးဂိုအင်ဂါသည် ထို တီဟာ ထောင်အတွင်းမှာ ၁၀-ရက်တရားစခန်းပွဲ ကျင်းပခဲ့၏။ ထောင်အုပ်ချုပ်ရေးမှူး အမျိုးသမီး ရဲအရာ ရှိကြီး ဘေဒီ၏တိုက်တွန်းတောင်းပန်ချက်ကြောင့် ဆရာကြီးဂိုအင်ဂါက ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

´´ဘာဝနာဆိုတာ မျက်စိမှိတ်ပြီး ရှာဖွေရေးခရီးထွက်တာပါ´´

´´ဘာဝနာရဲ့လက်ငင်းအကျိုးကတော့ ကောင်းမွန်တဲ့ဘ၀တစ်ခုမှာ နေထိုင်သွားနိုင်ခြင်းပဲ ဖြစ်ပါတယ်´´

အကျဉ်းထောင်အတွင်းမှာ ကျင်းပသည့် ဆရာကြီးဂိုအင်ဂါ၏တရားစခန်းမှ ထွက်ပေါ်လာသည့် အသံများဖြစ်ပါသည်။ (ဤအကြောင်းအရာအားလုံးကို VCDဖြင့်မှတ်တမ်းတင်ထားပါသည်။ စိတ်ဝင်စားသူ များ လေ့လာကြည့်ရှုနိုင်ပါသည်။ မိမိသည် ဤVCDကိုကြည့်လိုက်သည့်အခါ စိတ်ထဲမှာ အံ့သြခြင်း ကြည်နူးခြင်း တို့ဖြစ်ရပါသည်။ )

တရားစခန်းပြီးသောအခါ ဘာသာပေါင်းစုံကိုးကွယ်နေသည့် အကျဉ်းသားများ၏ စိတ်ဓာတ် သည် ပြောင်းလဲသွားကြ၏။ ယခင်ကလို မရိုင်းစိုင်းတော့။ ထို့ကြောင့် ထောင်အရာရှိများနှင့် ဆက်ဆံ သည့်အခါ ပိုပြီးအဆင်ပြေသည်ကို တွေ့ရ၏။ အကျဉ်းသားအချို့သည် ထောင်မှ လွတ်မြောက်သွား သည့်အခါ လူကြီးလူကောင်းဆန်ဆန် နေထိုင်သွားကြလေ၏။ ဤကား ဘာဝနာ၏စွမ်းအင်ပင်တည်း။

ဘာဝနာသည် အကျဉ်းသားများကိုတောင် နူးညံ့သိမ်မွေ့အောင်လုပ်နိုင်သည်ဆိုလျှင် အရပ် ထဲမှာ ရှိသည့် လူတို့အတွက်မှာမူကား အဘယ်ဆိုဘွယ်ရာရှိပါအံ့နည်း။

လူကြီးလူငယ်မဟူ လူမှုရေး, စီးပွားရေးစသည့်အလုပ်များကို လုပ်ကိုင်ဆောင်ရွက်သည့်အခါ အလိုမကျမှု၊ ဂနာမငြိမ်မှု၊ အပြောင်းအလွဲမြန်မှု၊ အားငယ်မှု၊ စိတ်ညစ်မှု၊ မထိန်းချုပ်နိုင်မှု၊ ပတ်ဝန်း ကျင်တစ်ခုလုံးကို အဆိုးမြင်နေမှု၊ သည်းမခံနိုင်မှုစသည့် အကျင့်ဆိုး, စရိုက်ဆိုးများ တခါတရံ ဖြစ်ပေါ် လာတတ်ပါသည်။

ယင်းအကျင့်ဆိုးများ ရှိနေသမျှကာလပတ်လုံး ဘ၀မှာ ငြိမ်းချမ်းမှု, သာယာမှုတို့ မဖြစ်နိုင် တော့ပေ။ ထို့ကြောင့် ယင်းအကျင့်ဆိုးများကို ဖယ်ရှားပစ်ရပေမည်။ ဘာဖြင့် ဖယ်ရှားမည်နည်း။ ``နည်းလမ်း´´ လိုနေ၏။ ယင်းနည်းမှာ အခြားမဟုတ်၊ ဘုရားမြတ်စွာ၏ ``ဘာဝနာ´´ တည်း ဟူသော နည်းပင် ဖြစ်ပေသည်။ (သတ္တာနံ ၀ိသုဒ္ဓိယာ)

ဤနေရာ၌ ဘာဝနာဟုဆိုသော်ငြားလည်း ယခုဘ၀မှာပင် သံသရာဤဘက်ကမ်းမှ ပြည်နိဗ္ဗာန် ဟိုဘက်ကမ်းကို ချက်ချင်းရောက်နိုင်မည့် ဘာဝနာကို မဆိုလိုသေးပါ။ (ယင်းဘာဝနာကိုတော့ ထိုထို ကမ္မဋ္ဌာန်းဆရာများထံ၌ နည်းခံကြပါတော့)။ လူတို့နေ့စဉ်ဘ၀မှာ အလွယ်တကူ ကျင့်သုံးနိုင်သော ဘာဝနာကို ဆိုလိုပါသည်။ (အိမ်တွင်းဘာဝနာဟုပြောနိုင်ပါသည်။) ယင်းဘာဝနာဆိုတာ ဘာလဲ။ ဘယ်လဲ။

သမထဘာဝနာ (သမထကမ္မဋ္ဌာန်း) ကို ဘယ်လိုအားထုတ်ရမလဲ

စိတ်ကို ဖြူစင်အောင်, မြင့်မြတ်အောင် အဆင့်ဆင့်မြှင့်တင်ပေးသည့်ကျင့်စဉ်ကို ``ဘာဝနာ´´ ဟုခေါ်၏။ (ဘာဝနာနှင့်ကမ္မဋ္ဌာန်းအတူတူပင်)။ ယင်းဘာဝနာသည် သမထဘာဝနာနှင့် ၀ိပဿနာဘာဝနာ ဆိုပြီး ၂-မျိုးရှိပါသည်။ သမထ ဘာဝနာ ဆိုသည်ကား ၀င်လေထွက်လေ(အာနာပါန) စသည့် အာရုံတစ်ခုခုကို စိတ်တည်ငြိမ်မှု ``သမာဓိ´´ ရရှိအောင် တစိုက်မတ်မတ် ရှုတ်မှတ်ခြင်းပင်တည်း။

မည့်သည့်အာရုံကိုပဲ ရှုရှု (ဗုဒ္ဓါနုဿတိ - ဘုရားဂုဏ်ကိုပဲ အာရုံပြုပြု၊ မေတ္တာ - လူနတ် တိရစ္ဆာန်များအား မေတ္တာကိုပဲ ပို့ပို့) တည်ငြိမ်မှု သမာဓိရဖို့သာ အဓိကဖြစ်၏။ ယင်းသို့တည်ငြိမ်နေလျှင် အကုသိုလ် တရားဆိုးများ ဖြစ်ခွင့်မရှိတော့။ ယင်းသို့ဖြစ်ခွင့် မရှိလျှင် စိတ်သည် ငြိမ်းအေးနေ၏။ ထိုသို့ ငြိမ်းအေး စေတတ်သောနည်းကိုပင် ``သမထ´´ဟုခေါ်ရ ပေသည်။

``ဦးဇင်းဘုရား၊ တပည့်တော် ဘာဝနာကို ဘယ်လို ရှုမှတ်ရသလဲဆိုတာကို သိချင်တာနဲ့ တရားစာအုပ်တွေကို ဖတ်တယ်၊ ဆရာတော်ပေါင်းမြောက်မြားစွာရဲ့ တရားတော်တွေကို နာတယ်၊ ဒါပေမဲ့ ယောင်ဝါးဝါး ဖြစ်နေတယ်၊ အတိအကျ ကောက်ချက်ချလို့မရဘူးဖြစ်နေတယ်၊ ဟို ဆရာတော်က တစ်မျိုးရေးလိုက် ဒီဆရာတော်က တစ်မျိုးဟောလိုက်နဲ့ဆိုတော့ အယူအဆတွေက အမျိုးမျိုးဖြစ်နေတယ်ဘုရား၊ ဒီတော့ ဘာဝနာကို ဘယ်လိုရှုမှတ်ရမလဲဆိုတာကို ရှင်းရှင်း လင်းလင်း မသိဘူးဖြစ်နေတယ်ဘုရား´´ဟု တက္ကသိုလ်ကျောင်းသားတစ်ယောက်က သူ၏ ခံစားချက်ကို မိမိအား လျှောက်ထားလေ၏။

သူပြောသည့်စကားမှာ သဘာဝကျလှ၏။ လူမမည်ကလေးတစ်ယောက်အဖို့ အလွန်ကြီးကျယ် ခန်းနားသော ဈေးကြီးထဲသို့ရောက်သွားသောအခါ ဘယ်နားရောက်လို့ ရောက်မှန်းမသိ၊ ကိုယ် လိုချင်သည့် ပစ္စည်း ဘယ်နားမှာ ရှိလို့ရှိမှန်းမသိ ဖြစ်သကဲ့သို့ တရားကို စိတ်ဝင်စားကာစ လူငယ် လူရွယ်တစ်ယောက်အဖို့ ပိဋကတ်စာပေကျမ်းဂန်ကြီးများ၊ သုတ္တန်တရားတော်များကို လေ့လာ ဖတ်ရှု နာယူသောအခါ ကမ္မဋ္ဌာန်း, ဘာဝနာ, သမထ, ၀ိပဿနာ, သတိပဋ္ဌာန် ဆိုသည့်စကားလုံးများ၏ အဓိပ္ပါယ်ကို ဘယ်လိုမှတ်လို့ မှတ်ရမှန်းမသိ၊ တရားကို ဘယ်လို အားထုတ်လို့အားထုတ်ရမှန်းမသိ၊ ဖြစ်ကုန်တော့ သည်။

ထို့ကြောင့် လယ်တီဆရာတော်စသော ထင်ရှားကျော်ကြားသည့် ဆရာတော်ကြီးများ၏ တရား ရှုမှတ်ပုံနည်းများကို အခြေခံကာ လူငယ်လူရွယ်များအား ရည်ရွယ်၍ နေ့စဉ်ဘ၀မှာ ကျင့်သုံးနိုင်သော ဘာဝနာရှုမှတ်ပုံကို တင်ပြလိုက်ပါသည်။

ဘာဝနာကိုပွားများအားထုတ်သော (သို့မဟုတ်) ကမ္မဋ္ဌာန်းစီးဖြန်းသောသူသည် ထိုင်ခြင်း၊ သွားခြင်း၊ ရပ်ခြင်း၊ လျောင်းအိပ်ခြင်းတည်းဟူသော ဣရိယာပုထ် (မျှတအောင်နေနည်း) ၄-မျိုး တို့တွင် မိမိတို့ကြိုက်နှစ်သက်သလို ရှုမှတ်နိုင်ပါသည်။ သို့သော် တရားစခန်းပွဲ၌ကား စုပေါင်း၍ အားထုတ်သည့်အတွက် ထိုင်၍ အားထုတ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။

သမထကို အားထုတ်သောသူသည် ရှေးဦးစွာ ခါးကိုဖြောင့်ဖြောင့်ထားပြီး ထိုင်ပါ။ (အိပ်ရာပေါ် ၌ လှဲလျောင်း၍လည်း ရှုမှတ်နိုင်၏။) ထို့နောက်မှ - - -

o မိမိ၏စိတ်ကို နှာသီးဖျားဖြစ်စေ၊ နှုတ်ခမ်းဖျား၌ဖြစ်စေ ခိုင်မြဲစွာကပ်ထားပြီး ၀င်လေ ထွက်လေကို အာရုံပြုပါ။
o ၀င်လေထွက်လေကို မှန်မှန်ရှူပါ။ ၀င်လာပြီ ထွက်သွားပြီဟုနှုတ်က ဆိုစရာမလိုပါ။
o အခြားမည်သည့်အာရုံအပေါ်မှာပဲဖြစ်ဖြစ် စိတ်မရောက်စေဘဲ ၀င်တိုင်းထွက်တိုင်း သိအောင် ရှုမှတ်ပါ။
o နှာသီးဖျား (သို့) နှုတ်ခမ်းဖျား၌ ၀င်လေထွက်လေ ထိထိနေတာကို သိသိနေပါ။
o ညောင်းလည်းမပြင် ယားလည်းမကုတ်ပဲ နာရီဝက်၊ တစ်နာရီစသည်ဖြင့် မိမိသတ်မှတ် ထားသည့် အချိန်ကာလထိ ရှုမှတ်ပါ။

အချိန်ကြာကြာ ရှုမှတ်သည့်အခါ စတင်အားထုတ်ခါစထက် စိတ် တည်ငြိမ်မှု ပို၍ပို၍ ရှိလာ၏။ စိတ်ကလည်း ပို၍ထက်သန်လာလေ၏။ ထိုကဲ့သို့ အရှိန်ရလာလျှင် -

o မိမိ၏စိတ်ကို သတိကပ်ပြီး ၀င်လေထွက်လေကို တစ်ကြိမ်မျှ မလွတ်စေရအောင် ဂရုတစိုက် ရှုမှတ်ပါ။

ယင်းသို့အားထုတ်ပါက ၀င်လေထွက်လေသည် သိမ်မွေ့သည်ထက် သိမ်မွေ့လာပါလိမ့်မည်။ အသက်ရှူလို့ရှူမှန်း မသိလောက်အောင်ကို ဖြစ်တတ်ပါသည်။ ထိုသမာဓိမျိုးရရှိပါက အလွန်ငြိမ်းချမ်း သော ခံစားမှုမျိုးကို ရနိုင်ပါသည်။

၁၀-ရက်တရားစခန်းဝင်သည့် ဘာသာခြားတစ်ယောက်က ``နှာသီးဝမှာ စိတ်ကလေး ငြိမ်နေ ဘို့ဆိုတာဟာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်၊ အတွေးတွေဟာ ရောက်ရောက် လာတယ်၊ အမှတ်ရတာတွေ, မျှော်လင့်တာတွေ ၀င်လာပါတယ်၊ ၃-ရက်လောက်ကြာမှ သတိမြဲလာ တယ်၊ အတွေးတွေဟာ တိမ်တွေလိုပဲ လွင့်သွားပါတယ်၊ သိမ်မွေ့နူးညံ့တဲ့ ၀င်လေ ထွက်လေကို သိလာပါတယ်´´ဟု သူ့အတွေ့အကြုံကို ပြောပြလေ၏။

တချို့ ဇွဲကောင်းသော သူများကား ၃-နာရီ၊ ၄-နာရီထိ မရပ်မနား ရှုမှတ်ကြပါသည်။ အချိန် ကာလမှာ မိမိတို့ သတ်မှတ်သည့်အပေါ်မှာ မူတည်ပါသည်။ တချို့ကမ္မဋ္ဌာန်းဆရာများက ၅-ရက်, ၇-ရက်, ၁၀-ရက် တရားစခန်းများ၌ သင့်လျော်သလို ၃-ရက် ၄-ရက် လောက်ထိ သမထ သက်သက် ကိုသာ အားထုတ်ခိုင်းပါသည်။ သမာဓိအားကောင်းဖို့ အတွက်ပင်တည်း။ သဘာဝကျလှ၏။ မိမိတို့ ကြိုက်နှစ်သက်သလို ပြုလုပ်နိုင်ပါသည်။ ပါရမီနုသောသူများကား သမာဓိအားကောင်းဖို့အတွက် သမထကို အချိန်ကြာကြာ အားထုတ်သင့်ပေသည်။ ဘာ့ကြောင့်နည်း။ သမာဓိအားကောင်းမှသာလျှင် ၀ိပဿနာရှုမှတ်သည့်အခါ ပို၍ လွယ်ကူမည်ဖြစ်သောကြောင့်တည်း။

မည်သို့ဖြစ်စေ၊ သမထရှုမှတ်သည့်အတွက် မကောင်းသည့်စိတ်များ ဖြစ်ချင်သလို ဖြစ်ခွင့် မရှိသည်ကတော့ သေချာလှ၏။ အဆက်မပြတ်ရှုမှတ်နေသည့်အတွက် အကုသိုလ်စိတ်များ သောင်း ကြမ်းချင်သလောက် သောင်းကြမ်းခွင့်မရတော့ရကား စိတ်အေးငြိမ်းမှု ရရှိနိုင်သည်မှာ ပြောဘွယ် မလိုတော့ပေ။

ဒကာတစ်ယောက်က ဘာဝနာရှုမှတ်လိုက်သည့်အတွက် ရရှိသည့်အကျိုးတရားကို ဤသို့ ပြောပြ၏။ `` ချမ်းသာသုခဆိုတာ မိမိကိုယ်ထဲမှာ ရှိတယ်ဆိုတာကို သိလာပါတယ်´´ဟူ၏။

(ဤနေရာ၌ သမထကမ္မဋ္ဌာန်းနည်းပေါင်း ၄၀- ထဲမှ အသုံးများသော ``အာနာပါန´´ဟုခေါ်တွင်သော ၀င်လေထွက်လေ ကိုသာ တင်ပြထား၏။ ဘုရားအဆူဆူတို့သည်လည်း ဤအာနာပါနဖြင့် ဈာန်ရအောင် အားထုတ်ပြီးမှ မဂ်ဖိုလ်ရအောင် အားထုတ်ကြပါသည်။)

ဝိပဿနာဘာဝနာ (၀ိပဿနာကမ္မဋ္ဌာန်း) ကို ဘယ်လိုအားထုတ်ရမလဲ

´´၀ိပဿနာဆိုတာ အရှိကိုအရှိအတိုင်း, အမှန်ကို အမှန်အတိုင်း တွေ့မြင်သိရှိစေနိုင်တဲ့ ဉာဏ်မျက်စိပဲ ဖြစ်ပါတယ်´´။ (ဆရာကြီးဂိုအင်ဂါ)

``ကျွန်တော် လူတွေကို မယုံကြည်ဘူး၊ လူတွေက ကျွန်တော်ကို ကောင်းကောင်း မဆက် ဆံဘူး၊ ဒီတော့ လူတွေကို မုန်းတယ်၊ ကျွန်တော့်ဆီမှာ ဗုံးတစ်လုံးသာ ရှိမယ်ဆိုရင် သူတို့ထဲမှာ ပစ်ထည့်လိုက်ချင်တယ်၊ ကျွန်တော်တရားမထိုင်ခင်က ဖြစ်တဲ့စိတ်ပါ၊ အခု ကျွန်တော် တရားရှုမှတ် လိုက်တော့ အဲဒီစိတ်တွေ လျော့သွားတယ်၊ ဘာဝနာဟာ အဒီလိုလောက်မုန်းတီးခြင်း မလိုတမာ ဖြစ်ခြင်းစတဲ့ စိတ်တွေကနေ ဝေးရာကို တဖြေးဖြေးနဲ့ ခေါ်ခေါ်သွားပါတယ်၊ ဒါကြောင့် တရား အားထုတ်မှုဟာ ဘ၀ရဲ့ နေနည်းတစ်ခုပါ´´တဲ့။ (တပည့် ယောဂီ)

သမထကို ရှုမှတ်ပွားများသောသူသည် သမာဓိ (စိတ်တည်ငြိမ်မှု) ရရှိလာ၏။ ထိုအခါ ၀ိပဿနာကို ပြောင်း၍ ရှုမှတ်ရတော့မည်။ မည်မျှလောက် သမာဓိ (တည်ငြိမ်မှု) ရှိရမည်ဟု သတ်မှတ်ချက် မရှိ။ မိမိကြိုက်နှစ်သက်သည့် အတိုင်းပင်တည်း။

သမထဆိုသည်ကား စိတ်တည်ငြိမ်မှုရအောင် အာရုံတစ်ခုခုအပေါ်မှာ စိုက်ပြီး ရှုမှတ်ရပါသည်။ ၀ိပဿနာဆိုသည်ကား ရုပ်နှင့် နာမ်(စိတ်)တို့၏ ဖြစ်ပေါ်ပြီး ပျက်, ပျက်သွားသည့် သဘောကို ရှုမှတ် ရပေသည်။ (ရုပ်ဆိုသည်ကား မသိတတ်သည့်သဘောတည်း။ မြေရေလေမီး၊ ကိုယ်၊ ၀င်လေ ထွက်လေစသည့် အရာဝတ္တုများ။ နာမ်ဆိုသည်ကား- သိတတ်သော သဘောတည်း။ စိတ်နှင့် ဝေဒနာ လောဘ ဒေါသ သဒ္ဓါ ပညာစသည့် တရားများ။)

နောက်တစ်မျိုးမှတ်ရန်ကား သမထဆိုသည်မှာ တစ်နေရာတည်းမှာ စိုက်ပြီး ရှုမှတ်ရ၏။ ၀ိပဿနာဆိုသည်မှာ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြန့်ကျက်ပြီး ရှုမှတ်ရ၏။

အလွန်အလေးဂရုပြုထိုက်သော ဆရာတော်ကြီးများ၏ ၀ိပဿနာရှုနည်းကို လေ့လာကြည့် သည့်အခါ မိမိအကြိုက် ၂-နည်း တွေ့ရပါသည်။ အခြားသောနည်းများလည်းရှိသေး၏။ ထိုထို ကျမ်းဂန်များ၌ ကြည့်ကြပါတော့။ ယင်း ၂-နည်းမှာ - - -

၁။ ``မြင်ရင် မြင်တယ်၊ ကြားရင်ကြားတယ်´´ဟု စသည်အားဖြင့် ပေါ်လာသမျှအာရုံကို ရှုမှတ်ခြင်း၊

၂။ ငယ်ထိပ်မှ စတင်ကာ တဖြေးဖြေးနဲ့ တစ်ကိုယ်လုံးကို ဖြန့်ကျက်ရှုမှတ်ခြင်းတို့ဖြစ်ပါသည်။

အမှတ် (၁)နည်းအရ ၀ိပဿနာကို အားထုတ်သောသူသည် - - -

o မိမိ၏စိတ်ကို သတိကပ်ပြီး ၀င်လေထွက်လေအာရုံပြုပါ၊ အာရုံပေါ်မှာ စိတ်တည်ငြိမ်မှု ရှိအောင်ကြိုးစားပြီး အားထုတ်ပါ။
o စိတ်တည်ငြိမ်မှု သမာဓိရလာသောအခါ ခန္ဓာကိုယ်ပေါ်မှာ စိတ်ကို ဖြန့်ကျက်ပြီး ထင်ရှားသည့်အာရုံကို မမြဲသည့်သဘောဖြင့်တင်ပြီး ရှုမှတ်ပါ။ ဝေဒနာထင်ရှားလျှင် ဝေဒနာကို ရှုပါ၊ ဒေါသထင်ရှားလျှင် ဒေါသကို ရှုပါ။ ထင်ရှားသည့် အာရုံတစ်ခုခုကို ရှုမှတ်ပါ။
o နာကျင်မှုစသော ဝေဒနာများ (နာမ်) ပေါ်လာလျှင် ``နာလျှင် နာတယ်၊ ကျင်လျှင် ကျင်တယ်´´ ဟု သတိဖြင့် စိုက်ပြီး ရှုမှတ်ပါ။
o စိတ်က ဟိုဟိုဒီဒီ ကြံစည်တွေးတောမိလျှင်လည်း ထိုစိတ် (နာမ်တရား) ကို စိုက်၍ ရှုမှတ်ရမည်။ စိတ်ကူးလျှင် ``စိတ်ကူးတယ်´´၊ ကြံလျှင် ``ကြံတယ်´´ဟု ရှုမှတ်ပါ။
o ထိုသို့ ရှုမှတ်နေစဉ် အသံ(ရုပ်တရား) ကြားလျှင် ``ကြားတယ်၊ကြားတယ်´´ဟု သတိဖြင့် မှတ်ပါ။ သမာဓိအားကောင်းကောင်းနှင့် မှတ်လျှင် ကြားရသည့်အသံ မမြဲဆို သည်ကို သိလာပါလိမ့်မည်။
o အသံနောက်ကို စိတ်က မလိုက်မိအောင် သတိထားပါ။ ကြားကာမျှပဲ ရှုမှတ်ပါ။
o သွားတဲ့အခါမှာလည်း ``သွားတယ်´´၊ ရပ်တဲ့အခါမှာလည်း ``ရပ်တယ်´´၊ ထိုင်တဲ့ အခါမှာလည်း ``ထိုင်တယ်´´ဟု မိမိလှုပ်ရှားတိုင်း ရှုမှတ်ပါ။ စားရင်းသောက်ရင်းနှင့် လည်း ``စားတယ်၊ သောက်တယ်´´ဟု ရှုမှတ်ပါနိုင်ပါသည်။

အလုပ်ပေးတရားခွေတစ်ခု၌ တရားပြဆရာတော်ကြီးက ယောဂီ(တရားအားထုတ်သူ)များအား ဤကဲ့သို့ လမ်းညွှန်ထား၏။

``လိုရင်းအနှစ်ချုပ်မှာ ကိုယ်အမူအရာ (ရုပ်တရား) ဖြစ်တိုင်း, စိတ်ခံစားမှုဖြစ်တိုင်း ထင်ရှားသည့် အာရုံတစ်ခုခုကို သတိဖြင့် ရှုမှတ်နေဖို့ပါပဲ၊ သမာဓိအားကောင်းကောင်းနဲ့ ရှုမှတ်လျှင် ဖြစ်ပေါ်ပြီး ပျောက် ပျောက်သွားသည့် ရုပ်, စိတ်တို့ကို အလိုလို သိမြင်လာပါတယ်၊ ရုပ်တရားဟာ ရေမြှုပ်, ရေပွက်များလို ပျောက်ပျက်သွားတာကို စိတ်ထဲမှာ ထင်မြင်လာပါတယ်၊ ဖြစ်ပေါ်ပြီး ပျောက် ပျက်နေသည့် သဘောကို မမြင်လျှင်လည်း ဆက်အားထုတ်ပါ၊ သမာဓိအားနည်းလို့ မမြင်တာပါ၊ သမာဓိအား ကောင်းလာလျှင် မြင်လာပါလိမ့်မည်´´ဟူ၍ မိန့်တော်မူထားသည်မှာ မှတ်သားဖွယ် ကောင်းလှ၏။

``အမှတ် (၂)နည်းအရ ငယ်ထိပ်မှ စတင်ကာ တဖြေးဖြေးနဲ့ တစ်ကိုယ်လုံးကို ဖြန့်ကျက်ပြီး ရှုမှတ်ပုံ´´ကိုတော့ ပို၍နားလည်, သဘောပေါက်လွယ်အောင် ဆရာတော်တစ်ပါး၏ ကိုယ်တွေ့ ရှုမှတ်နည်းကို တင်ပြလိုက်ပါ၏။

o ``ရှေးဦးစွာ ၀င်လေထွက်လေကို သတိကပ်ပြီး ရှုမှတ်ပါတယ်။ သမာဓိရလာတဲ့အခါမှာ နှာသီးဝမှာ တလှုပ်လှုပ်တရွရွ ဖြစ်လာပါတယ်၊ ပုရွက်ဆိတ်လေးများ တက်လာသလို ခံစားရပါတယ်၊ အဲဒီသဘောလေးကတော့ အခုမှတ် အခုတွေ့ပါတယ်၊ ဘာ့ကြောင့်လဲ ဆိုတော့ အားထုတ်နေကျ, ရှုမှတ်နေကျ ဖြစ်လို့ပါ။´´
o ``အဲဒီအချိန်မှာ ရှုမှတ်စိတ်ကို ငယ်ထိပ်ပေါ်ကို တင်လိုက်ပါတယ်၊ ငယ်ထိပ်ပေါ်မှာ ပူမှု အေးမှု လေးတွေ ထင်ထင်ရှားရှားဖြစ်ပေါ်လာတယ်၊ ရံဖန်ရံခါမှာ တလှုပ်လှုပ် တရွရွနဲ့ ယားယံမှုလေးတွေ ဖြစ်လာပါတယ်။ တခါတရံမှာလည်း တင်းတင်းကျပ်ကျပ် ခံစား ရပါတယ်´´။
o ``စိတ်စိုက်ပြီး မမြဲတဲ့သဘောကို ရှုမှတ်လိုက်တဲ့အခါမှာ ငယ်ထိပ်တ၀ိုက်မှာ ဖြစ်ပေါ် လာပြီး ပျောက်ပျက်သွားတဲ့ ရုပ်မှုန်လေးတွေကို ထင်ထင်ရှားရှား မြင်လာပါတယ်၊ ရေပြင်ကို တုတ်နှင့် ရိုက်ပုတ်လာသည့် အခါ ရေများဖြာထွက်သကဲ့သို့ ရုပ်ကလာပ်, ရုပ်မှုန်လေးများ အလွှာလိုက် အလွှာလိုက် ပျက်စီးသွားတာကို မျက်လုံးဖြင့် မြင်ရသလို ထင်ထင်ရှားရှား မြင်တွေ့ရပါတယ်။´´
o ``အဲဒီကနေတဆင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ ဘယ်မှာပဲ ကြည့်လိုက်လိုက်၊ လက်ကိုပဲ ကြည့်ကြည့်၊ ခြေထောက်ကိုပဲကြည့်ကြည့် ရုပ်ကလာပ်, ရုပ်မှုန်လေးများ တဖွားဖွားနဲ့ ဖြစ်ပေါ်ပြီး ပျောက်ပျက်သွားတာကို စိတ်ထဲမှာ မြင်တွေ့ရပါတယ်း။´´
o ``ပြီးတော့ စိတ်ကို စိုက်ကြည့်လိုက်ရင်လည်း ရှေးစိတ်က ပျောက်ပျောက်သွားလိုက်၊ နောက်စိတ်က ပေါ်ပေါ်လာလိုက်၊ အဲဒီပေါ်တဲ့စိတ်က ပျောက်သွားရင်လည်း နောက် နောက်စိတ်က ပေါ်လာပြန်ရော၊ အဲဒီလိုနဲ့ စိတ်အစဉ်အတန်းကြီးဟာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာကို တွေ့ရပါတယ်၊ ဒါဟာ အနိစ္စလက္ခဏာကို လက်တွေ့ မြင့်တွေ့ ခြင်းပဲ ဖြစ်ပါတယ်´´။

ဤကား လက်တွေ့အားထုတ်နေသည့်ဆရာတော်က မိမိကို ပြောပြခြင်းဖြစ်ပါသည်။ ထိုဆရာ တော်သည် အခု သြစတေးလျနိုင်ငံ၌ သာသနာပြုလျက်ရှိ၏။ မိမိသည် တရားစခန်းပွဲ ၂-ကြိမ် ၀င်ဖူးပါသည်။ အမှန်အတိုင်းဝန်ခံရလျှင် ထိုဆရာတော်ကဲ့သို့ အနိစ္စလက္ခဏာကို ကောင်းကောင်း မမြင်ခဲ့ရပါ၊ ယင်းသို့မမြင်ခြင်းမှာ သမာဓိအား နည်းသောကြောင့်တည်း။

တရားရှုမှတ်ရသည်မှာ မလွယ်ကူလှ။ မိမိစိတ်ကို ၀င်လေထွက်လေအပေါ်မှာ တင်လိုက် လျှင်ပင် အတွေးများက တသီတတန်းကြီး အလျှိုအလျှိုပေါ်ထွက်လာပါတော့သည်။ စိတ် တည်ငြိမ်မှု ရဖို့ကိုပင် မနည်း ကြိုးစားရပေသည်။ ထိုသို့ကြိုးစားခြင်းဖြင့် စိတ်၏တည်ငြိမ်မှုကိုရရှိနိုင်ပါသည်။

ဝိပဿနာရှုမှတ်သောသူသည် ရုပ်, စိတ်တို့၏ ဖြစ်ပေါ်ပြီး ပျောက်ပျောက်သွားသည့် သဘော ကို ထင်ထင်ရှားရှား မမြင်ရသော်လည်း စိတ်တည်ငြိမ်မှုကတော့ ထိုက်သလောက် ဖြစ်နေပါ၏။ ထို့ကြောင့် အလိုမကျမှု, ကြောင့်ကြမှုစသော အပေါ်ယံ စိတ်အညစ်အကြေးများ ၀င်ရောက်ခွင့် မရှိ တော့ပါ။ ဤကား လက်ငင်းရနိုင်သောအကျိုးတရားတည်း။ (သတိပဋ္ဌာန်ဆိုသည်မှာလည်း ၀ိပဿနာ ပင်တည်း၊ အတူတူပင်။)


ဘာ့ကြောင့် ဘာဝနာကို ပွားများရသလဲ

ရုပ်ခန္ဓာကိုယ်ကြီးသည် အစားအစာတည်းဟူသော အာဟာရလိုအပ်သကဲ့သို့ စိတ်သည်လည်း အာဟာရလိုအပ်ပေသည်။ စိတ်ထဲ၌ ပူပန်မှု ကြောင့်ကြမှု အလိုမကျမှု မနာလိုမှု ၀န်တိုမှု အလို ရမက်ကြီးမှု မသိနားမလည်မှုစသည်တို့ လွန်လွန်ကဲကဲဖြစ်နေလျှင် စိတ်သည် ပင်ပန်း ဆင်းရဲနေ၏။ ယင်းပန်းဆင်းရဲမှုကို ``စိတ်၏ဖိစီးမှု´´ဟုပြောကြ၏။

``စိတ်ပျိုတော့ ကိုယ်နု စိတ်ထောင်းတော့ကိုယ်ကြေ´´ ဆိုသည့်အတိုင်း ယင်းသို့ စိတ် ဖိစီးမှု များနေလျှင် နေလို့ထိုင်လို့မကောင်းတော့။ အခန့်မသင့်လျှင် ရောဂါများပင် ၀င်ရောက်နိုင်၏။ တချို့ ဆိုလျှင် စိတ်ဖိစီးမှုများ လွန်ကဲနေသည့်အတွက် လုံးဝ အိပ်လို့မရ။ သမထ (သို့) ၀ိပဿနာကိုသာ အားထုတ်လိုက်စမ်းပါ။ လုံးဝ အဆင်ပြေသွားနိုင်ပါသည်။

ထို့ကြောင့် စိတ်ဖိစီးမှုများ ကျဆင်းဖို့အတွက် စိတ်၏အာဟာရသဖွယ်ဖြစ်သော သမထ (သို့) ၀ိပဿနာကိုသာ တတ်စွမ်းသမျှ အားထုတ်သင့်လှပေသည်။ ဆေးသိပ္ပံပညာရှင်များက စိတ်ဖိစီးမှု ကျဆင်းဖို့အတွက် ဘာဝနာကို ပွားများအားထုတ်သင့်ကြောင်း အကြံပြုထား၏။

အထူးကုဆရာဝန်ကြီး ဒေါက်တာမြင့်ဆွေက ``သူ့မှာရောဂါဖြစ်စဉ် ဒုက္ခဝေဒနာ၏ဒဏ်ကို အလူးအလှိမ့်ခံခဲ့ရကြောင်း၊ အလွန်ပြင်းထန်သော ထိုဒုက္ခဝေဒနာကို ဘာဝနာဖြင့် ခုခံခဲ့ရကြောင်း၊ ဘာဝနာသာ ပွားများမှုမရှိလျှင် အခုလို အသက်ရှည်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် လူမှုဒုက္ခတွေကို ခံနိုင်ရည်ရှိဖို့အတွက် တစ်ရက်လျှင် ၁-နာရီဝန်းကျင်လောက် ဘာဝနာကို အားထုတ်သင့်ကြောင်း´´ စသည်ဖြင့် မဟာစည်ဆရာတော်၏ ဟောတရားစာအုပ်နိဒါန်း၌ သူကိုယ်တိုင် ရေးသားတိုက်တွန်း ခဲ့ပါသည်။

သမထ (သို့) ၀ိပဿနာကို ရှုမှတ်စဉ်အတွင်း၌ စိုးရိမ်မှု ကြောင့်ကြမှု ပူပန်မှုတို့ မရှိတော့ရကား စိတ်၏ တည်ငြိမ်မှု, ငြိမ်းအေးမှုကိုလည်း အပြည့်အ၀ ရရှိနိုင်ပါသည်။ ထို့ကြောင့် လောကဓမ်တို့၏ ထိုးနှက်မှုကိုလည်း ခုခံနိုင်စွမ်းရှိပါသည်။

နောက်ပြီး မိမိစိတ်၏ အကြောင်းကိုလည်း ပို၍သိမြင်လာပါသည်။ ကိုယ့်စိတ်အကြောင်း ကိုယ် သိမှလည်း ပြင်လို့ရမည်ဖြစ်ပါ၏။ တချို့ဆိုလျှင် တရားရှုမှတ်ပြီးနောက် မိမိ၏အမှားများကို သိရှိပြီး ကိုယ်ပြစ်မှားမိခဲ့သူများကို ခွင့်လွှတ်ဖို့ပင် တကူးတက သွား၍ တောင်းပန်ကြ၏။ ဤသည်တို့ကား မျက်မှောက်ဘ၀၌ ဘာဝနာ၏ လက်တွေ့အသုံးဝင်ပုံတို့ပင်တည်း။

လူငယ်လေးတစ်ယောက်ကတော့ ပြော၏။ ``တရားရှုမှတ်လိုက်သည့်အတွက် ကိုယ် ဘာ လုပ်ရမယ်, ဘာလုပ်သင့်တယ်ဆိုတဲ့ အဖြေကို ရလာပါတယ်´´ဟူ၏။

ထို့အပြင် ဘာဝနာရှုမှတ်ခြင်းကြောင့် မျက်မှောက်ဘ၀၌ ဈာန်, မဂ်, ဖိုလ်များကို မရရှိတောင် နောက်နောင်ဘ၀များ၌ အလွယ်တကူ ရရှိနိုင်ပါသည်။ ဤကား ဘာဝနာရှုမှတ်ခြင်းကြောင့် ရရှိနိုင် သည့်အကျိုးတရားများဖြစ်ပါသည်။

ဘာနှင့်ပစ်ပစ် ပစ်မှတ်မှန်ဖို့က အရေးကြီးပါတယ်

လူငယ်လေးတစ်ယောက်က ``ဘာဝနာကို ၁-နာရီလောက်ပဲ ရှုမှတ်ချင်သည်ဆိုလျှင် သမထနှင့် ၀ိပဿနာကို ဘယ်လို အချိန်ခွဲခြားပြီး ရှုမှတ်ရမည်လဲ´´ဟု မေး၏။

တချို့ကား ၁-နာရီဆိုသည့်အချိန်သည် အလွန်တိုတောင်းသည့်အတွက် ``သမာဓိဖြစ်ဖို့ အရေးကြီးတယ်´´ဆိုပြီး ``သမထ´´သက်သက်ကိုသာ ရှုမှတ်၏။ သမထဆိုပြီး အထင်မသေးသင့်။ အကျိုးကျေးဇူးကား ကုန်နိုင်ဘွယ်မရှိ။ ဘာဝနာအလုပ် မဆိုးထားဘိ၊ နေ့စဉ်ပြုလုပ်နေရသည့် အလုပ် ကိစ္စများမှာတောင် စိတ်တည်ငြိမ်မှု(သမာဓိ) ရှိဖို့ လိုအပ်၏။ စိတ်မတည်ငြိမ်လျှင် အမှားအမှား အယွင်း ယွင်းဖြစ်ကုန်တော့သည်။ ထို့ကြောင့် သမထသည် အလွန်အရေးကြီးလှပါသည်။

ဘုရားမြတ်စွာ၏ အရေးကြီးဆုံးဖြစ်သည့် ``သီလ သမာဓိ ပညာ´´ဟူသော ကျင့်စဉ် သုံးမျိုးတွင် သမာဓိ (သမထ) ကျင့်စဉ်သည် ဒုတိယကျင့်စဉ်ဖြစ်သောကြောင့် သမထကို အချိန် ရသလောက် အားထုတ်သင့်၏။ သမထအရေးကြီးပုံကို ဆရာတော်ကြီးတစ်ပါးက အောက်ပါအတိုင်း အင်္ဂလိပ်ဘာသာဖြင့် ရေးတော်မူထား၏။

Sometimes, when we find it difficult to concentrate the mind by means of vipassana meditation, we have to use samatha for some time so that we can concentrate our mind well on the object of meditation. Having attained deep concentration of the mind, we return to vipassana and observe whatever arises in body and mind as it really occurs.

``တခါတရံ ၀ိပဿနာကိုရှုမှတ်သည့်အခါ ဘယ်လိုမှ ရှုမှတ်လို့ မရ၊ ထိုအခါ သမထကို ရှုမှတ်ရ၏၊ သမထကို ရှုလိုက်တော့မှ စိတ်သည် သမာဓိရလာပြီး တည်ငြိမ်လာ၏၊ စိတ်တည်ငြိမ်မှ ၀ိပဿနာကို ပြန်လည်ရှုမှတ်ရပါသည်။´´(ဘာသာပြန်)

တချို့သမာဓိအားကောင်းသူများကတော့ ၀ိပဿနာကိုပဲ အားထုတ်ကြ၏။ ၀ိပဿနာဟု ဆိုသော်လည်း သမာဓိ (သမထ)ကတော့ ပါဝင်ရပေသည်သာ။ ၀ိပဿနာဘာဝနာမှာ ``ဉာဏ် ပညာက ခေါင်းဆောင်၊ သတိ သမာဓိတို့က နောက်လိုက်´´ဆိုသည်ကို မေ့မပစ်ပါနဲ့။ ဘာကိုပဲ မှတ်မှတ် မှတ်ကောင်းဖို့ပဲ အရေးကြီးပါသည်။

တချို့လူများက အချိန် ၁-နာရီအတွင်းမှာ သမထကို နာရီဝက်၊ ၀ိပဿနာကို နာရီဝက် ဟုခွဲခြားပြီးလည်း ရှုမှတ်ကြ၏။ မည်သို့ မှတ်မှတ် ဘာဝနာပင်တည်း။ သမထနှင့် ၀ိပဿနာကို တစ်ခုစီ အချိန်သတ်မှတ်ဖို့ရန် အရေးမကြီးပါ။ မိမိဆန္ဒအပေါ်မှာမူတည်ပါသည်။ အဓိက ပန်းတိုင်မှာ ယုတ်မာ သည့်စိတ်, သေးသိမ်သည့်စိတ်, ကြမ်းတမ်းသည့်စိတ်, ရိုင်းစိုင်းသည့်စိတ်တို့ မဖြစ်ဖို့ ပင်တည်း။

ဤမျှလောက်ဆိုလျှင် မိမိတို့နေ့စဉ်ဘ၀မှာ လူမှုကိစ္စများကို လုပ်ကိုင်ဆောင်ရွက်ရင်းနှင့် အချိန်ရသလောက် လိုက်နာကျင့်သုံးနိုင်သော - - -

``ဘာဝနာဆိုတာ ဘာလဲ ´´

``ဘာဝနာသည် ဘယ်လဲ ´´ ဆိုသည့် မေးခွန်းကို ဖြေဆိုနိုင်လောက်ပါပြီ။ လက်ခံနိုင်ဖို့ ခက်ခဲနေသလား။ ``အမှန်တရားသည် လက်တွေ့နောက်မှာရှိ၏´´ဟူသော ဆိုရိုးစကားကို သင် ကြားဖူးပါလိမ့်မည်။ ထို့ကြောင့် လက်တွေ့ကြိုးစားကြည့်စေချင်ပါသည်။

``ဧဟိပဿိကော - လာပါ၊ စုံစမ်းပါ၊ တကယ်လက်တွေ့လုပ်ကြည့်ပါ´´ဟု ဓမ္မက သင့်ကို ကြိုဆိုနေလျက်ပါ။

-------------------

(ဤဆောင်းပါးသည် လက်တွေ့ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့ကြသည့်ဆရာတော်ကြီးများ၏ ရှုမှတ် နည်းများ, ယခု အားထုတ်နေဆဲဖြစ်သည့် သီတင်းသုံးဖေါ်ရဟန်းတော်များ၏ အတွေ့အကြုံများ, တရား စခန်းဝင် ယောဂီ လူပုဂ္ဂိုလ်များ၏ အတွေ့အကြုံများကို အခြေခံလျက် ရေးထားခြင်းဖြစ်ပါသည်။ လူမှုရေး စီးပွား ရေး သားရေးးသမီးရေးတို့ဖြင့် ရုန်းကန်လှုပ်ရှားနေကြသော လူငယ်လူရွယ်များအား မိမိတို့အချိန်ရသလောက် ဘာဝနာရှုမှတ်ပြီး သောကကင်းဝေးသော, ငြိမ်းချမ်းသာယာသော ဘ၀တစ်ခုကို တည်ဆောက်နိုင်ဖို့ အဓိက ရည်ရွယ်ပါသည်။ မရှင်းလင်းသည့် အဓိပ္ပါယ်များ, အကြောင်းအရာများ၊ သံသယဖြစ်စရာ အချက်အလက် များကို မေးမြန်းလိုပါက ashindevindabhivamsa@gmail.com သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။)

``သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေ´´

|
This entry was posted on 13:08 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: